Wednesday, December 19, 2007

သင်းကွဲ .. စိတ်

ဘ၀…. ။

ကျမ ဘ၀မှာ စိတ်ကူးထဲရှိတာတွေကို လျှို့ဝှက်ထိန်းချုပ်ထားပြီး၊ စိတ်ထဲမရှိတာတွေကို စီစဉ်ကြံဖန်ပြောဆိုနေခဲ့တာ ဘယ်လောက်ကြာခဲ့ပြီလဲ ။ ၅ နှစ်လား၊ ၁၀ နှစ်လား၊ ဒါမှမဟုတ် မွေးကတည်းကလား။

ဖြစ်နိုင်မယ်ဆိုရင် ထမင်းနှစ်နပ်မစားပဲ နေချင်သည်။ ကပ်လျက်စားပွဲက နှူတ်ခမ်းနီရဲရဲနှင့် လုပ်ဖော်ကိုင်ဖက်၏ စကားသံများကို ကန့်ကွက်ချင်သည်။ နေ့စဉ် ပုံမှန်သွားလာလှူပ်ရှားမှူများကို ရပ်တံ့ချင်သည်။ ပိုငွေပြန်မအမ်းချင်သော စပယ်ယာတချို့ကို ရန်တွေ့ချင်သည်။ ရံဖန်ရံခါ တွေ့နေကျ သူငယ်ချင်းများဆီလည်း ကျမခြေဦး မလှည့်ချင်တော့။ လမ်းမှာတွေ့သော မျက်နှာသိများကိုလည်း စိတ်ပျက်ဖွယ်ကောင်းစွာ ကျမပြုံးရယ် မနှူတ်ဆက်ချင်တော့ပါ။

ဖြစ်နိုင်ရင် တိတ်ဆိတ်သောအခန်းငယ်အတွင်းက ဘယ်မှမထွက်ပဲ ကျမနေချင်သည်။

သေခြင်းတရားဟု ဆိုလျှင် လူတွေ အထိတ်တလန့်ဖြစ်ကောင်းဖြစ်မည်။ အတော်တော့ ဇိမ်ကျမလားပဲဟု ကျမတွေးမိသည်။ မိသားစုစားဝတ်နေရေးအတွက် လစဉ်ဝင်ငွေပုံမှန်ရဖို့ လက်ရှိအလုပ်ကို ကျိတ်မှိတ်လုပ်နေစရာမလိုတော့၊ “အဆင်ပြေရဲ့လား” ဆိုတာကိုပဲ နှူတ်ဆက်စကားတခု လုပ်ဆိုတတ်သော အသိမိတ်ဆွေတွေကိုလည်း ကျိတ်မှတ်ပြုံးပြနေစရာမလိုတော့။ ကျမရဲ့ အားနည်းချက်တွေကို ရေတွက်ပြီး ကျမကွယ်ရာမှာ အတင်းပြော ရယ်မောတတ်သူတချို့ကိုလည်း မျက်နှာချင်းဆိုင်စရာမလိုတော့။

ကျမသည် ဟန်ဆောင်နှစ်သိမ့်တတ်ခြင်းကို ငြီးငွေ့နေပြီဖြစ်ကြောင်း လူတွေကို သိစေချင်သည်။

ညသည် တိတ်ဆိတ်နေသည်။ ည၏တိတ်ဆိတ်ခြင်းသည် အသံတချို့၏ တိကျသောအဓိပ္ပါယ်ကို ဖွင့်ဆိုပြနိုင်သည်။ ထိုတိကျသော အဓိပ္ပါယ်ကို စွန့်လွှတ်လိုက်သောအခါ ကျမစိတ်တွေ လစ်ဟာသွားသည်။ ရင်ထဲတွင် ဗလာဖြစ်နေသည်။ မိုးလင်းသွားမှာကို ကျမကြောက်နေမိသည်။ ကျမသွေးကြောတွေထဲက ထိတ်လန့်မှူသည် မနက်ဖြန်တွေပဲ ဖြစ်သည်။

Tuesday, December 18, 2007

ရင်ဘတ်ထဲက ကြယ်အတု

နွမ်းချိနေလည်း ကျမအိပ်စက်ခြင်းတွေကို ညတိုင်းလိုလို သူခိုးယူတယ် ။
ငိုကြွေးလိုက်တိုင်း တဖဲ့ဆီပဲ့ကြွေသွားတာ ကျမရဲ့ ခင်တွယ်မှူတွေ ထင်ပါရဲ့။

“ အပစ်ပယ်ခံရတယ်ဆိုတာနဲ့ အားလုံးဆုံးရှူံးသွားတာမဟုတ်ပါဘူး
ဒါဟာ တယောက်ယောက်ရဲ့ သဘောထားမျှသာ ဖြစ်သည် ” တဲ့

ကျမ ပြုံးလိုက်မိတယ် ၊ ဘာကြောင့်လဲဆိုတော့ တယောက်ယောက်ရဲ့ ဥပေက္ခာပြုခံရခြင်းဟာ ကျမအတွက် ကမ္ဘာပျက်သလို ခံစားနေရလို့ပါပဲ ….

စိတ်ဆိုးပိုင်ခွင့် မရှိဘူး ၊ စိတ်နာပိုင်ခွင့်လည်း မရှိဘူး၊
ဘာကြောင့်လဲဆိုတော့ ကျမ သူ့ကိုမပိုင်ဆိုင်လို့ ။

အနေလည်းမနီးစပ်ဘူး ၊ အဝေးကြီလည်း မဟုတ်ပြန်ဘူး၊
ဘာကြောင့်လဲဆိုတော့ ကျမရင်ထဲမှာ သူရှိနေလို့ ။

ဖြစ်ချင်တာကိုလည်း ဖန်တီးခွင့်မရှိဘူး ၊ ဖြစ်သင့်တဲ့လမ်းကိုလည်း မလျှောက်ချင်ဘူး၊
ဘာကြောင့်လဲဆိုတော့ ကျမ သူ့ကို သိပ်ချစ်နေလို့ ။

ဂစ်တာမတီးတတ်သူကလည်း ဂစ်တာတလက်ကို ပိုင်ဆိုင်နိုင်ခွင့်ရှိသည်ဟု ကျမထင်သည်။
နံရံမှာ ချိတ်ဆွဲထားရုံသက်သက် ပိုင်ဆိုင်ချင်မိတဲ့ ကျမ စိတ်ကူးကို ရူးနှမ်းတယ်လို့တော့ မဆိုနိုင်ကြပါဘူးနော် ။

“အတုတွေကလည်း နေရာတကာမှာ ပေါလိုက်တာနော်” တဲ့ ညည်းညူသံတခု ကျမကြားမိတယ်။
ကျမအတွက်တော့ သိပ်အံ့သြစရာမဟုတ်တော့ပါဘူး။ လောကမှာ အတုတွေများမှန်း ကျမသိထားခဲ့တာ ကြာပြီပဲ။ ပန်းအတု၊ ငှက်အတု၊ ရွှေအတု၊ မိတ်ဆွေအတု၊ စသည်ဖြင့်ပေါ့ ..ရေတွက်လို့တောင် မကုန်နိုင်ဘူးလေ။ တခါတလေမှာ အတုတွေများလွန်းလို့ အစစ်ကိုတောင် အတုလို့ ထင်မိတတ်ကြသေးတယ်။ မကြာခင်ကတောင် ကျမအတွက် လင်းတော့မရောင် ကြယ်အတုကို ကျမတွေ့ခဲ့သေးတာပဲ။
ကြယ်ဆိုတာ ကောင်းကင်မှာပဲလင်းတဲ့ အရာတခုပါ ။ ဒါပေမယ့် ကျမကတော့ ကျမရင် ကန်ရေပြင်မှာ အရိပ်ထင်နေတဲ့ ကြယ်လေးကို ရူးသွပ်စွာ နဲ့ ……

တခုတော့ ပြောချင်ပါတယ် ….ကျောခိုင်းလို့ ထွက်ခွာသွားတဲ့အခါ နောက်ကိုလှည့်မကြည့်ကြေးပေါ့ ကြယ်လေးရယ် ….နော် ..။

Tuesday, December 11, 2007

စိတ်၏စေရာ

စာမရေးချင်တော့ဘူးဆိုလည်း … ငါရေးနေမိတယ်၊
အကြောင်းအရာရှာမရလည်း … မျက်လုံးမှိတ်လိုက်ရုံနဲ့ ခံစားမှူတခုမဟုတ်တခုကရောက်လာတယ်၊
အချစ်ကို မယုံကြည်တော့ဘူးဆိုလည်း … ချစ်တယ်ဆိုတဲ့စကားနဲ့တောင် နှိုင်းဆဖေါ်ပြလို့မရတဲ့ အရာတခုကို ထပ်တွေ့တယ်၊
လွမ်းတယ် ဆိုတာကို ဟာသတခုလို့ ဆိုခဲ့လည်း … ငါလွမ်းနေရတယ်၊
မဖြစ်သင့်ဘူးဆိုတာနဲ့ စိတ်ကို အကြိမ်ကြိမ်ထိန်းချုပ်လည်း … သူ့ကိုပဲမြင်တယ်၊
ရင်ထဲမှာ ဘာမှမရှိဘူးလို့ ဘယ်လောက်ပြောပြော … မရှိတာကိုက အရှိတခုအဖြစ်ရပ်တည်တယ်၊
မလိုအပ်ဘူးဆိုလည်း … စိတ်က တစုံတရာကိုအမြဲ တောင်းဆိုနေတာပါပဲ။

မဖြစ်ချင်တာတွေ၊ မဖြစ်သင့်ဘူးဆိုတာတွေ ဖြစ်လာတဲ့အခါ လူတွေ ဘာလုပ်ကြသလဲ ?
ရှောင်ထွက်တယ် ဆိုတာ အကောင်းဆုံးဖြေရှင်းနည်းတခုမဟုတ်ပေမယ့် လောလောဆယ်တော့ ဖြေသာနိုင်လိမ့်မယ် ထင်တယ်။
အစစ်အမှန်တွေပါ၊ အတုအယောင်တွေပါလို့ ငါ့မှာ ဖြေရှင်းစရာမရှိဘူး .. သူငယ်ချင်း။
အစစ်တွေဆိုရင်ရော… လက်ခံပေးကြမှာလား?
အတုပါဆိုရင်ရော … မင်းတို့ ရှူတ်ချကြမှာလား?
ဘာမှမရှိတော့ပါဘူးဆိုတဲ့လူကိုမှ ဘာတွေထပ်ရှူံးစေချင်သေးလို့လဲကွာ ..

ငါလိုလူမျိုးက မချစ်ရတော့ဘူးတဲ့လား၊
ငါလိုလူမျိုးက အမုန်းတရားမရှိသင့်ဘူးတဲ့လား၊
ငါဟာလည်း ငိုတတ်၊ ရီတတ်၊ ချစ်တတ်၊ မုန်းတတ်တဲ့ သာမာန်မိန်းမတယောက်ပါ၊
ကျေးဇူးပြုပြီး ရင်ထဲကခံစားချက်အစစ်အမှန်တခုအတွက် မင်းတို့ဝေဖန်စရာမရှိဘူး … သူငယ်ချင်း။

တိတ်တိတ်လေးနေပေးပါ။ငါ ချစ်ချင်ချစ်မယ်၊ ငါ မုန်းချင်မုန်းမယ်၊ ငါ ဟန်ဆောင်ချင်ဟန်ဆောင်မယ်။
အရာအားလုံးမှာ ငါနေတတ်သလိုပေါ့။ ဘယ်သူတွေ၊ ဘယ်လိုမြင်တယ်ဆိုတာ ငါ ဂရုမစိုက်ဘူး။

တနည်းအားဖြင့် ငါ.. ဂရုမစိုက်ချင်ဘူးဟာ ။။။

Friday, December 7, 2007

မောင့်ကို ပြောပြရဦးမယ်

(က) အချစ်နှင့် ရင်ခုန်သံအကြောင်း

ရင်ခုန်သံဆိုတာ အချစ်သက်သက်ကြောင့်တော့မဟုတ်ဘူး… မောင်။ ရင်ခုန်တာဟာ အချစ်မဟုတ်ပေမယ့် အချစ်ဆိုတာကတော့ ရင်ခုန်သံတချက်ပါပဲ။ ဆိုလိုတာက မောင်ဟာ ကျမရင်ကို ၀ုန်းဝုန်းဒိုင်းဒိုင်း လှူပ်ရှားစေတတ်သူမဟုတ်ပေမယ့် မောင် ကျမကို စိုက်ကြည့်တဲ့အချိန်ပဲဖြစ်ဖြစ်၊ စကားလှမ်းပြောတဲ့အခါပဲဖြစ်ဖြစ် ကျမ ရင်ကိုနွေလေပြေအေးတချက်တိုက်သလို အေးမြစေတာတော့ အမှန်ပါ။ ကျမရဲ့ အတ္တကင်းမဲ့တဲ့အချစ်မျိုး (တနည်း) ကိုယ်ကျိုးမပါတဲ့အချစ်မျိုးနဲ့ ကျမ မောင့်ကို တန်ဖိုးထားပါတယ်။ တကယ်တမ်းဆိုရင်တော့ မိန်းမနဲ့ယောင်္ကျား ချစ်ကြတယ်ဆိုတာ “အတ္တ”ကြောင့်ပါ။ လူတယောက်က ကိုယ့်ကို ကောင်းတာလေးတွေပြောတဲ့အခါ၊ ပန်းကလေးတွေလာပေးတဲ့အခါ သဘောကျတတ်ကြတာ “အတ္တ”စိတ်ကြောင့်ပေါ့.. မောင်။ ဒါပေမယ့် မောင်ဟာ ကျမအတွက်ဘာမှ ရွေးချယ်ပြောနေစရာမလိုပဲ။ ပေးဆပ်စရာမလိုပဲနဲ့ကို ကျမက မောင့်ကို ရိုးရှင်းစွာချစ်မြတ်နိုးပါတယ်.. မောင်။

ကျမရဲ့ခံယူချက်က အချစ်ကအချစ်ပဲ၊ ဘ၀ဟာဘ၀ပါပဲ။ အချစ်နဲ့ ဘ၀ကို မရောယှက်ချင်ဘူးကွယ်။ ဘ၀ဆိုတာကို တည်ဆောက်တဲ့နေရာမှာ အချစ်က အနှောင့်အယှက်ဖြစ်လာနိုင်သလို၊ တယောက်နဲ့တယောက်ချစ်နေကြတဲ့ အချစ်ထဲမှာလည်း အဲဒီဘ၀ဆိုတာကြီးပါလာရင် အချစ်ဆိုတာ မခိုင်မြဲပဲ ပြိုကွဲသွားနိုင်လို့ပါ။ အနာဂတ်မရှိတဲ့အချစ်စစ်ဆိုတာ တကယ်ရှိသလား၊ မရှိသလားဆိုတာကိုတော့ ကျမသေချာမသိပါဘူး… မောင်။ ဒါပေမယ့် ကျမ မောင့်ကို တကယ့်ကို ချစ်မြတ်နိုးပါတယ်ကွယ်။
အချစ်ဆိုတာ ဘ၀ရှင်သန်မှူအတွက် အထောက်အပံ့တခုတော့ဖြစ်သင့်ပါတယ်။ ကျမဘ၀နဲ့ မနီးစပ်တဲ့မောင့်ကို ချစ်ရတာဆိုတော့ စိတ်ကူးယဉ်အငွေ့အသက်တွေနဲ့ ထုန်မွှန်းထားတဲ့ ၊ လက်တွေ့ကျင့်သုံးလို့မရတဲ့ အချစ်တခုလို့တော့ ကျမကို ဝေဖန်နိုင်ပါတယ်။ ဘ၀နဲ့မပတ်သက်ပဲ အချစ်ချည်းသက်သက်နဲ့ ကျမကို ချစ်ပါ..မောင်။ ပုံဖော်ထုဆစ်လို့မရနိုင်တဲ့ အိပ်မက်လေးတခုကို ဖြစ်ပျက်များစွာ ဖွဲ့စည်းနေတဲ့ဘ၀တခုမှာ သေတပန်၊ သက်တဆုံး ညစဉ်မက်နေစေဖို့တော့ ကျမ မတောင်းဆိုပါဘူးကွယ်။။။။

(ခ) အချစ်နှင့် ဂုဏ်ဒြပ်အကြောင်း

ကျမရဲ့ အချစ်ဟာ အားကိုးရာကလည်းမစခဲ့ဘူး၊ အထင်ကြီးရာကနေလည်း ပေါ်ပေါက်လာတာမဟုတ်ဘူး..မောင်။ မောင် ဘာပဲဖြစ်နေနေ၊ မောင့်ဘေးကနေ ကောင်းစေချင်တဲ့ စေတနာတွေနဲ့ ဖြည့်ဆည်းရပ်တည်နေချင်သူ သက်သက်ပါ..မောင်ရယ်။ အဲဒီလို ရပ်တည်မှူအတွက် ကျမတောင်းဆိုမှူက တခုတည်းပါ…။ ကျမကိုပြန်ချစ်ပေးပါ..မောင်။ ဒါဟာလည်း တယောက်ကတယောက်ကို ချစ်တဲ့အတွက် ကိုယ့်ကို ပြန်ပြီးချစ်စေချင်တဲ့ မသိစိတ်ရဲ့တောင်းဆိုမှူ သက်သက်ပါကွယ်။
(ဂ) အချစ်နှင့် တမ်းမက်မှူအကြောင်း

တမ်းမက်မှူဆိုတာ အချစ်လား..မောင်။ ကျမတော့ လက်မခံပါဘူး။ ဒီတမ်းမက်မှူမပါပဲနဲ့ အချစ်ဆိုတာ သူ့ဘာသာသူ သပ်သပ်ကို မွန်မွန်မြတ်မြတ်ဖွဲ့တည်နေတဲ့ အရာမျိုးပါ။ တနည်းအားဖြင့် အဲဒါ မေတ္တာပေါ့ ..မောင်။
အချစ်အပေါ်မှာ ခံယူပုံခြင်းမတူရင် အချစ်ကို အဓိပ္ပါယ်ဖွဲ့ဆိုတာချင်းလည်း ဘယ်တူပါ့မလဲ… မောင်ရယ် ။
(ဃ) အချစ်နှင့် ဖြည့်ဆည်းမှူအကြောင်း
အချစ်ဆိုတာ ရယူပိုင်ဆိုင်လိုခြင်းသက်သက်တော့ မဟုတ်ဘူး။ အချစ်ကို ရင်ထဲမှာသိမ်းထားနိုင်တဲ့လူတိုင်းဟာ အတူနေချင်စိတ်မရှိပဲနဲ့ ချစ်နေလို့ရပါတယ်.. မောင်။ အချစ်ဆိုတာ တအားကို နူးညံ့ပြီး သိမ်မွေ့မြင့်မြတ်တယ်လို့ ဆိုချင်တာပါ။ အချစ်ဆိုတာ လိုက်ရှာလို့ရတဲ့ အရာမဟုတ်ဘူး.. မောင်။ သူတွေ့ချင်တဲ့အချိန်မှာ အလိုလို တွေ့လာတတ်တဲ့ အရာမျိုးပါ။ တကယ် အချစ်စစ်လာပြီဆိုရင် ကိုယ့်အတ္တကိုခွာပြီး သူကောင်းတာကိုပဲဖြစ်စေချင်တာ၊ ဘာနဲ့ယှဉ်ယှဉ် ကိုယ်ပဲအနစ်နာခံလိုတာ၊ အရာရာတိုင်းမှာ သူကောင်းပါစေဆိုပြီး ဖြည့်ဆည်းပေးနေတာမျိုး” တဲ့ မောင်။ မောင်ဟာ ကျမနဲ့ သဘောထားချင်း ကိုက်ညီတာနဲ့ လုပ်လို့ ကိုင်လို့ ရနေတာနဲ့ ကျမကို ကောင်းအောင်လုပ်ပေးနေတာလေးတွေနဲ့ အချစ်ဖြစ်ပြီဆိုပြီး ထင်ယောင်ထင်မှား ချစ်ခဲ့တာမဟုတ်ပါဘူးကွယ်။

နားလည်မှူနဲ့ မျှဝေခံစားမှူဆိုတာ တဆက်တည်းပါ..မောင်။ ချစ်သူဖြစ်ရုံ သက်သက်နဲ့ life companion အဖြစ်ရပ်တည်နေသူတွေလိုမျိုး ကျမတို့ရော ရပ်တည်လို့မရဘူးလား။ မျှော်လင့်ကြမယ်၊ အဖြေရှာကြမယ်၊ တယောက်ပြသနာကို တယောက်ဖြေရှင်းပေးမယ်၊ သူ့ဒုက္ခ ကိုယ်ခံ၊ ကိုယ့်ဒုက္ခသူခံ။ တယောက်နဲ့တယောက် စိတ်မဆိုးပဲ၊ မနာကျည်းပဲ၊ အထင်မသေးပဲနဲ့ နားလည်မှူအပြန်အလှန်ရှိကြတာမျိုးပေါ့… မောင်။

အချစ်ဆိုတာ လူတော်တော်များများအတွက် အိပ်မက်လိုများ ဖြစ်နေမလားမသိဘူး။ ကျမအတွက်တော့ မောင့်အနားမှာ ရှိနေ၊ ဖြည့်ဆည်းပေးနေရတာနဲ့ကိုပဲ စိတ်ချမ်းသာမှူအပြည့်ရှိနေတဲ့ သူလေ။

(င) အချစ်နှင့်ဆင်ခြင်တုံတရားအကြောင်း

ကျမ မောင့်ကို ချစ်နေခြင်းဟာ မောင့်အတွက် ပူလောင်မှူမဖြစ်စေရဘူး။ ကျမက ပန်းတပွင့်ကို နေရောင်ခြည်မှာပွင့်လိုက်ရင် ဘယ်တော့များပွင့်ဖတ်ကလေးတွေ ညှိုးနွမ်းသွားစေမလဲဆိုပြီး ဖန်ပေါင်းချောင်ကလေးနဲ့အုပ်ပြီး ပွင့်စေချင်တဲ့ အချစ်မျိုးမဟုတ်ပါဘူး..မောင်။ မောင့်ကို ဘယ်အချိန်လှမ်းကြည့်လိုက်၊ ကြည့်လိုက် ချစ်တယ်၊ မောင်လမ်းလျှောက်နေတာ မြင်ရင်လည်း ကြည်နူးတယ်။ မောင် စာထိုင်ဖတ်နေတာကြည့်ပြီးတော့လည်း ချစ်နေတာပဲ။ မောင့်အကြောင်း တွေးလိုက်တဲ့အခါတိုင်းလည်း မုန်းစရာတခုမှ မရှိဘူး။ မောင့်ရဲ့ စိတ်တွေ ကျမဆီရောက်ရှိနေစရာမလိုအပ်ပါဘူး။ မောင်စိတ်ချမ်းသာသလို ဆုံးဖြတ်ပိုင်ခွင့်တွေ မောင့်ဆီမှာ အပြည့်အ၀ရှိပါတယ်။ ကျမရဲ့ အချစ်ဟာ ရယူပိုင်ဆိုင်ခြင်းလဲမရှိဘူး၊ ပေးဆပ်စရာလည်းမရှိဘူး။ မောင့်ကို အချစ်သက်သက်ဖြင့်သာ ကျမ ချစ်ပါတယ်.. မောင်။

တခုတော့ရှိတာပေါ့။ ဘယ်လောက်ပဲအချစ်စစ်စစ်၊ ကျမကို နာကျည်းအောင်လုပ်တယ်ဆိုရင်တော့ အချစ်စစ်ဆိုတာလဲ ထွက်ပြေးတတ်ပါတယ်..မောင်။ ကျမအပေါ်ကြိုက်သလောက်ဆိုးပါ၊ နာကျည်းအောင်တော့ မပြုမှူပါနဲ့ကွယ် ။

လူတယောက်က တယောက်ကိုချစ်နေရက်နဲ့ နောက်ထပ်လူတယောက်ကို တပြိုင်နက်တည်း ချစ်တယ်ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ ဖြစ်နိုင်တယ်ဆိုရင်တော့ ကိုယ့်ရင်ထဲမှာ ရှိပြီးသားအရာတခုကို အချစ်နဲ့ ထင်ယောင်ထင်မှားဖြစ်ခဲ့တာပဲ ဖြစ်နိုင်တယ်။ အချိန်ကာလရွေ့လျားလာတာနဲ့အမျှ အဲဒီအရာဟာ သံယောဇဉ်အဖြစ် ခိုင်မြဲလာခဲ့တာမျိုးပေါ့။ အိမ်ထောင်ရေးမပြေလည်မှူ၊ အချစ်ရေးမပြေလည်မှူတွေဖြစ်လာတဲ့အခါမှာ နောက်ဖြစ်လာတဲ့ အချစ်အပေါ်မှာ အရမ်းစွဲလမ်းသွားတတ်ကြတယ်လေ။ ဒီလိုမျိုးဖြစ်လာပြီဆိုရင်တော့ မြန်မာလူမျိုးတို့ရဲ့ ဘာသာရေး၊ လူမှူရေးကျင့်ဝတ်တို့နဲ့ ပြန်ပြီးဆင်ခြင်သင့်တယ်လို့ ကျမတော့ ထင်တယ်။
ဘယ်လိုလဲ..မောင်။ မောင့်အတွက် ချစ်သူနှစ်ယောက်တပြိုင်နက်ရှိ၊ မရှိ ကျမသေချာမသိနိုင်ပါဘူး။ ဘာပဲဖြစ်ဖြစ် မောင်ဟာ ကိုယ့်စိတ်ခံစားမှူကို သေချာခွဲခြမ်းစိတ်ဖြာနိုင်တဲ့ ဆင်ခြင်တုံတရား ရှိလိမ့်မယ်လို့တော့ ကျမ မျှော်လင့်ထားပါတယ်။
(စ) အချစ်နှင့် အကြောင်းပြချက်

လူတယောက်ကို ချစ်မိပြီဆိုရင် အကြောင်းပြချက်လိုသလားမောင်။ ဘာဖြစ်လို့ ချစ်တယ်ဆိုတာတော့ ကျမကို မမေးပါနဲ့ကွယ်။ ရုပ်ချောလို့ ချစ်တယ်၊ ချမ်းသာလို့ချစ်တယ်၊ ပညာတော်လို့ချစ်တယ်၊ စသည်ဖြင့် ကျမမှာ Reason တွေမရှိဘူး.. မောင်။ အကြောင်းပြချက်ဆိုတာ အချိန်နဲ့အမျှ ပြောင်းလဲသွားတတ်တဲ့ သဘောရှိတယ်လေ။ အချစ်ဆိုတာ ဖန်တီးယူလို့မရပါဘူး။ သူ့ဟာသူ ရင်ထဲရောက်ရှိလာတဲ့အရာကို ကိုယ်က လက်သင့်ခံပေးလိုက်ရတာမျိုးပါ။ အချစ်မှာ အကြောင်းပြချက်ရှိတယ်ဆိုရင် ဒါဟာ Love မဟုတ်ဘူး၊ Like ပဲဖြစ်မယ်လို့ ကျမတော့ ယူဆတယ်။

ကိုယ်ချစ်တဲ့သူရဲ့ အကြောင်းကို ဘယ်သူမဆိုသိချင်ကြတာချည်းပါပဲ.. မောင်။ ဒါပေမယ့် … ကိုယ်သိလိုက်ရတဲ့ အကြောင်းအရာတွေထဲမှာ ကိုယ်နဲ့မကိုက်ညီတာတွေပါမယ်ဆိုရင်လည်း ဒီအချစ်က ပျက်ပြယ်သွားမှာမဟုတ်ဘူး။ ယိုင်နဲ့သွားမှာ မဟုတ်ဘူး။ မြင်မြင်ချင်း ချစ်တယ်ဆိုတာ တကယ်တော့ မရှိပါဘူး..မောင်၊ မြင်မြင်ချင်း စိတ်ဝင်စားတယ်ဆိုတာလောက်ပဲ ဖြစ်နိုင်ပါတယ်။ အချစ်မှာ မျက်စိမရှိဘူးဆိုတာဟာ တနည်းအားဖြင့်တော့ ကျိုးကြောင်းဆင်ခြင်တုံတရားမရှိဘူးပေါ့… မောင်။ ဒါကြောင့် အချစ်မှာ အကြောင်းပြချက်မရှိသလို ဆင်ခြင်တုံတရားမရှိပါဘူး။

(ဆ) အချစ်နှင့် အတ္တအကြောင်း

အချစ်အတွက်ဆိုရင် ယောင်္ကျားတွေက ပိုမိုက်သလား၊ မိန်းမတွေက ပိုမိုက်မဲသလား..မောင်။ ယောင်္ကျားတွေကတော့ ကိုယ့်အတွက် ပိုကြည့်တဲ့အတ္တပါတဲ့အတွက် ယောင်္ကျားတွေက မိန်းမတွေလောက်တော့ သိပ်မမိုက်မဲဘူးလို့ ကျမတော့ထင်တယ်။ မိန်းမတွေက ဆင်ခြင်တုံတရားမဲ့ချစ်တတ်တဲ့အတွက် နူနူရွဲရွဲ၊ မိုက်မိုက်မဲမဲကို ဇွတ်တိုးချစ်တတ်ကြတယ်။ အချစ်ကို ကိုးကွယ်တယ်ဆိုတာ တနည်းအားဖြင့် ကျိုးကြောင်းဆင်ခြင်တုံတရားမဲ့စွာ ချစ်တာပါပဲ။ အချစ်ဆိုတာ ဘ၀ရဲ့ အစိတ်အပိုင်းတခုပါပဲ။ ဘ၀ရဲ့ဘေးမှာ အချစ်က ကပ်လိုက်မှသာ အဆင်ပြေမယ်။ အချစ်က ဘ၀ကိုဦးဆောင်မယ်ဆိုရင်တော့ ဘ၀က အပိုင်းပိုင်းကျိုးနိုင်တယ်လေ။ အချစ်က စိတ်ဝင်စားမှူအပေါ်တော့ မူတည်ပါတယ်။ လူတယောက်ကို ချစ်မိပြီဆိုရင် သူ့ရဲ့စရိုက်၊ သူ့ရဲ့သဘာဝလေးတွေ၊ ပြီးတော့ သူ့ရဲ့ဘာသာစကားကို စိတ်ဝင်စားမှ အချစ်ဆိုတာ တဆင့်တက်ဖြစ်ပေါ်လာနိုင်တာမျိုးပေါ့။ အချစ်ကြီးတယ်လို့ပြောရင် ဒါဟာ အတ္တကြီးတာပါပဲ…မောင်။

သူ့အတွက်ပဲ၊ သူရှိတဲ့နေရာ၊ သူမြင်သာ ကြားသာတဲ့နေရာမှာနေမယ်။ ဘယ်လောက်ဝေးဝေး ခြေလျင်လျှောက်နိုင်တယ်၊ အဲဒီခရီးမှာ လဲနေရင်ပြန်ထမယ်။ သူ့မျက်နှာလေးမြင်ရင် နာတာတွေ ပျောက်သွားမယ်။ သေချာစဉ်းစားကြည့်ပါ….မောင်။ အမှန်တော့ ဒါတွေဟာ ကိုယ့်ရဲ့အတ္တကြောင့် ကိုယ့်ကိုယ်ကိုယ် ကျေနပ်မှူပေးနေတာပါ။ အတ္တကြီးလေလေ၊ ကျိုးကြောင်းဆင်ခြင်မှူတရား အားနည်းသွားလေပဲပေါ့…မောင်။

(ဇ) အချစ်နှင့် ဆိုးကျိုးများအကြောင်း

အချစ်ဆိုတာကို ဘ၀နဲ့ရောယှက်လိုက်တဲ့အခါမှာ ဆိုးကျိုးလေးတွေဖြစ်လာတတ်တာမျိုး ကျမတို့ပတ်ဝန်းကျင်မှာ ရှိဖူး၊ မြင်ဖူးမှာပေါ့နော်..မောင်။ မိန်းမတွေဟာ မိဘ၊ဆွေမျိုး၊ အပေါင်းအသင်း အားလုံးကိုဆန့်ကျင်ပြီး ဘ၀ရော၊ စည်းစိမ်ရော ပုံပေးချစ်တတ်လေ့ရှိတယ်။ အချစ်စစ်မှာ ဆင်ခြင်တုံတရားမရှိဘူးလို့ဆိုခဲ့ပေမယ့် ဒီလိုအချစ်မျိုးကျတော့ နောက်ကထိန်းပေးနိုင်မယ့် တစုံတရာတော့ လိုအပ်နေပြီလေ။

တခါတရံမှာ အချစ်ကို ရင်ထဲမှာမထားပဲ ဘ၀ထဲရောထည့်လိုက်တဲ့အခါ၊ ဘ၀ပါလိုက်ပြီး ပျက်ရတာမျိုးတွေရှိတတ်တယ်..မောင်။ ဒါကြောင့် အချစ်ရဲ့နောက်မှာ သတိဆိုတာလေး ကပ်လိုက်ဖို့လိုတယ်။ ကျမ မောင့်ကိုချစ်တယ်။ ပိုင်ဆိုင်ဖို့မကြိုးစားပဲနဲ့ပေါ့လေ။ ဝေးဝေးကနေကြည့်လိုက်၊ နီးနီးကနေ ကြည့်လိုက်၊ လိုအပ်မယ်ထင်ရင်လည်း ဖြည့်ဆည်းတဲ့အခါ ၀င်ဖြည့်ဆည်းပေးလိုက် ၊ ဒီလိုအနေအထားမျိုးလေးနဲ့ ကျမ မောင့်ကို ချစ်ပါတယ်။ ကျမရဲ့ အတ္တကို ရှေ့တန်းတင်ပြီး မောင့်ကိုပိုင်ဆိုင်ဖို့ မကြိုးစားချင်ဘူးကွယ်။ ဒီလိုပြောလို့ ကျမအပေါ် မောင် အခွင့်ကောင်းယူမယ်ဆိုရင်တော့ ဘာတတ်နိုင်မလဲ။ မောင်မှ မချစ်တော့ရင်လည်း ကြေကွဲနေရုံပေါ့နော်.. မောင်။
(ဈ) အချစ်နှင့် ဖူးစာရေစက်အကြောင်း

အချစ်ဆိုတာ သိပ်ကိုခမ်းနားကြီးကြယ်၊ မြင့်မြတ်သတဲ့ …မောင်။ ဖူးစာရေစက်ဆိုတာကို လူတွေက အချစ်နဲ့ယှဉ်ပြီး တွေးလေ့ရှိကြတယ်။ ကျမတို့ တယောက်နဲ့တယောက်အတိတ်ကံပါလို့ ချစ်ခွင့်ရကြတယ်။ တယောက်နဲ့တယောက် အဆင်မပြေလို့ မဆုံစည်းနိုင်ကြရင်လည်း အတိတ်ရေစက်ကံမပါဘူး လို့ ပြောတတ်ကြတယ်။ အတိတ်ရေစက်ကြောင့် ဖူးစာကံပါပြီး အိမ်ထောင်မြဲကြတာဟာ အချစ်ကြောင့်လဲမဟုတ်ဘူး၊ သံယောဇဉ်ကြောင့်လဲမဟုတ်ဘူး.. မောင်၊ အဲဒါကတော့ မိန်းမတယောက်ရဲ့ မိခင်စိတ်နဲ့ နှစ်ယောက်စလုံးရဲ့ ခံယူချက်မြဲမြံတာနဲ့ဆိုင်မယ်လို့ ကျမတော့ ယူဆတယ်။ အချစ်မပါပဲနဲ့လည်း အိမ်ထောင်တခုကို မြဲအောင်တည်ဆောက်သွားတဲ့သူတွေရှိသလို၊ အိမ်ထောင်မပြုပဲနဲ့လည်း အချစ်ကို တည်ဆောက်နေကြသူတွေလည်း ဒုနဲ့ဒေးပါပဲ။ တယောက်နဲ့တယောက် အိမ်ထောင်ပြုရမှ ၊ လက်ထပ်ရမှ ချစ်လို့ရတာမှမဟုတ်တာ။ လက်မထပ်ပဲနဲ့လည်း တသက်လုံးချစ်သွားလို့ရတာပဲ မဟုတ်လား..မောင်။

(ည) အချစ်နှင့် ကံတရားအကြောင်း

အချစ်က တကယ့်ကိုလျှို့ဝှက်နက်နဲပါတယ်.. မောင်။ ဒါကြောင့်လဲ လူမျိုးမတူပဲ၊ အဆင့်အတန်းမတူပဲ ချစ်နေနိုင်စွမ်းကြတာပေါ့။ ကျမတို့ ဗုဒ္ဓဘာသာမှာ ကောင်းတာပြုရင် ကောင်းတာဖြစ်မယ် လို့ ဘုရားကဟောတယ်။ အကယ်၍ အချစ်က ဘ၀အတွက်အထောက်အပံ့ဖြစ်နိုင်မယ်ဆိုရင်တော့ သိပ်ကိုကံကောင်းတာပဲပေါ့..မောင်။ ကံကိုအခြေပြုပြီးတော့ပဲ လူတွေက အချစ်ကံကောင်းတယ်၊ အချစ်ကံခေတယ်လို့ ပြောကြတယ်မဟုတ်လား။ အဆောင်အယောင်၊ အခမ်းအနားတွေနဲ့ ပြည့်စုံနေပြီး၊ ကြင်နာယုယမှူမျိုး၊ ဂရုစိုက်မှူမျိုး၊ ဦးစားပေးမှူမျိုး၊ ကိုယ့်အတွက်ထည့်စဉ်းစားပေးမှူမျိုး မရရှိနိုင်ဘူးဆိုရင်လည်း ဒါဟာလည်း ကံမကောင်းခြင်းပါပဲ။

လောကမှာ ကိုယ့်ကိုယ်ကိုယ်ထက်ချစ်နိုင်တဲ့သူ မရှိသလောက်ရှားပါတယ်…မောင်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ်နဲ့ တန်းတူထားပြီး ကျမ မောင့်ကို ချစ်မြတ်နိုးပါတယ်။

(တ) အချစ်နှင့် ဦးစားပေးမှူအကြောင်း
အောင်မြင်ထင်ပေါ်နေတဲ့ မိန်းမတွေဟာ လက်တွဲဖော်ရွေးရတာ၊ တကယ်စစ်မှန်တဲ့ချစ်သူတယောက်၊ အိမ်ထောင်ဖက်ကောင်းတယောက်ရဖို့ အတော်ကို ခက်ခဲပါတယ်…မောင်။ တကမ္ဘာလုံးရဲ့ မိရိုးဖလာမှာ “နှင့် ဇနီး” ပဲရှိတတ်ပြီး၊ “နှင့် ခင်ပွန်း”ဆိုတာမရှိတဲ့အတွက် ထက်မြက်အောင်မြင်လွန်းတဲ့ မိန်းမတယောက်ကို လက်တွဲဖို့ ယောင်္ကျားတိုင်းလိုလိုက အတော်ကိုစဉ်းစားသုံးသပ်ကြပါလိမ့်မယ်။ အချစ်မှာ သည်းခံမှူဆိုတာ ပါဝင်နေပေမယ့် ကိုယ့်ရဲ့အတ္တနဲ့ မာနကိုထိခိုက်စေလာနိုင်တဲ့သူကို လက်တွဲဖော်အဖြစ်ရွေးဖို့ စဉ်းစားကြတာမျိုးပေါ့။
------- ။ ---------။ ---------

ချစ်တယ်လို့မပြောပဲ ကိုယ့်အပေါ်ချစ်ကြောင်းအလိုလိုသိနေရတာ သိပ်ကောင်းတာပဲ။ တယောက်နဲ့တယောက် တကယ်ချစ်မြတ်နိုးရင် စကားတခွန်းမှ မပြောပဲလဲ တယောက်နဲ့တယောက် စိတ်ချင်းသိနိုင်စွမ်းတွေရှိပါတယ်။ အဲဒီအချစ်လေးက သိပ်ကို လှပပါတယ်…မောင်။

တကယ်တော့ လူနှစ်ယောက်ဟာ တကယ်သာချစ်နေကြတယ်ဆိုရင် တယောက်နဲ့တယောက် ဖွင့်ပြောပြနေစရာမလိုပါဘူး၊ အချစ်ဆိုတာ ပန်းချွေမယ့်လေရိုင်းမဟုတ်ဘူးလေ၊ ပန်းရနံ့ကို ဆောင်ကျဉ်းပေးမယ့် လေပြေလေညှင်းလေးပါ… မောင်ရယ်။

မှတ်ချက်။ ။ အချစ်အကြောင်းပြောကြမယ်စာအုပ်ကိုဖတ်၍ ခံစားရေးသားပါသည

Monday, December 3, 2007

အစရှာခြင်း

လောကမှာ ကိုယ့်ကိုယ့်ကိုပြန်ရှာရတာလောက်မောပန်းစရာမရှိဘူးဟု ကျမထင်သည်။
“ဘယ်မှာလဲ…. ကျမ ဘယ်မှာလဲဟင်” ကျမ မောလိုက်တာ။ ဒါပေမယ့် ကျမ ရပ်နားလို့မရသေးဘူး။ ကျမကိုယ်ကျမ ရှာရဦးမယ်။
ဟော.. တွေ့ပြီ ။
“ဟင် ………….ကျမ … ကျမက…. ကျမက… ”

---- ။---- ။ -----
လေပြေလေးတွေ ပလွေမမှူတ်ပါ။ ငှက်ကလေးတွေလည်း တေးမဆိုပါ။ စွယ်တော်ရွက်ကလေးတွေ လက်ခုတ်မတီးပါ။ လက်ပံပွင့်တွေလည်း လေမှာဝဲ၍ မလာပါ။ သို့သော် ကျမရှေ့ဆီက ကုဣိုလ်ပင်ကြီးက သစ်ရွက်တချို့ ကြွေကျနေသည်။ အချို့သည် လေတွင်ဝဲ၍ ဝေးရာ၊ ဝေးရာသို့ ။

ကျမသည် ဝေးရာသို့ လွင့်မြောနေသောသစ်ရွက်များနှင့်အတူ လိုက်ပါရတော့မည်လား၊ ကျမစိတ်တွေ
ဝမ်းနည်းသွားလေသည်။

ရန်ကုန်ဆေးရုံကြီး ရေခဲတိုက်အောက်ဆုံးထပ်ရှိ အခန်းလေးထဲကကျောက်ခုတင်ကြီးသည် အေးစက်နေသည်။ သူ့အပေါ်မှာလှဲနေသော လူတယောက်၏ ကိုယ်ခန္ဓာသည်လည်း အေးစက်နေသည်။ ကျောက်ခုတင်က အေးစက်နေသောကြောင့် လူကအေးစက်နေတာလား၊ လူက အေးစက်နေသောကြောင့် ကျောက်ခုတင်ကအေးစက်နေတာလား။ ခုချိန်မှာ ဒီပြသနာကအရေးမကြီးတော့ပါ။ ကျမဘေးမှာ ကျမနဲ့ပတ်သက်ဆက်နွယ်ခဲ့ဖူးသူတချို့ ငိုကြွေးနေကြသည်။ ကျမသိကြားနိုင်မည်မဟုတ်မှန်းသိရက်နှင့် သူတို့ငိုကြွေးကြသည်။ ကျမမှ မဟုတ်ပါ။ ကျမ၏ ဟိုဘက်ကျောက်ခုတင်များက လူများသည်လည်း ဘာကိုမျှကြားသိနိုင်လိမ့်မည် မဟုတ်ပါ။ ကျမ၏ဟိုဘက်ခုတင်မှာ အဘိုးကြီးတယောက်၏အလောင်းရှိသည်။ ငိုမည့်သူမရှိ၊ သူ၏ဟိုဘက်မှာ ကုလားမတယောက်၏အလောင်း၊ ကုလားကြီးတယောက်နှင့် ကုလားမလေးတယောက်တို့က ကုလားလိုပြော၍ ငိုနေသည်။ ကုလားလိုပဲပြောပြော၊ မြန်မာလိုပဲပြောပြော၊ အင်္ဂလိပ်လိုပဲပြောပြော ၀မ်းနည်းစရာကောင်းတာကတော့ အတူတူပင်ဖြစ်လိမ့်မည်။ သေခြင်းတရားသည် လူမျိုးမရွေး၊ မိန်းမ၊ ယောင်္ကျားမရွေး၊ အသက်ကြီးငယ်မရွေး၊ ဆင်းရဲချမ်းသာမရွေး၊ မည်သူ့အာဏာကိုမျှမကြောက်၊ လောကတွင် တရားအမျှတဆုံးသည် သေခြင်းတရားပင်ဖြစ်သည်။

ကျမကိုယ်တွင် ကျမနှစ်သက်သော အစိမ်းရောင်ဝတ်စုံကို ၀တ်ပေးထားကြသည်။ ကျမခြေမ နှစ်ဖက်နှင့် လက်မနှစ်ဖက်တို့ကိုပူး၍ အပ်ချည်ကြိုးအနက်ဖြင့် ချည်ထားသည်။ ကျမလက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တွင်တင်ထားသည်။ ကျမ၏မျက်နှာကို မိတ်ကပ်များဖြင့် အလှဆုံးဖြစ်အောင် ခြယ်မှူန်းပေးထားကြသည်။ အားလုံးကိုနှူတ်ဆက်ထွက်ခွာသွားမည့်သူတယောက်သည် လှပစရာမလိုဟု ကျမတော့ထင်သည်။ လှပမှူထက်ပိုပြီးအဓိကကျသောအရာတွေကိုတောင် စွန့်လွှတ်ထားခဲ့ပြီးမှပဲ နောက်ဆုံးအချိန်တခုမှာ ဘာမှမလိုအပ်တော့ဟုထင်သည်။ ထို့နောက် ကျမအလောင်းကို ခေါင်းသွင်းသည်။ ရေအိုးခွဲသည်။ ကြေးစည်ထုသည်။ ဒီတလောင်းထွက်သွားလို့ လောကကြီးက ၀မ်းနည်းမှာမဟုတ်ပါ။ ကျမ၏အခေါင်းကို နောက်ဆုံးအနေဖြင့် ဖွင့်ကြည့်ကြမည့်အဖြစ်ကိုတော့ ကျမ မလုပ်စေချင်ပါ။ မည်သူကိုမျှ ဒီထက်ပို၍ ၀မ်းနည်းပူဆွေးမှူမဖြစ်စေလိုပါ။

အလျံညီးညီးတောက်လောင်နေတဲ့ မီးတောက်မီးလျှံက လောကကြီးရဲ့နောက်ဆုံးလက်ဆောင်အဖြစ် ကျမခန္ဓာကိုယ်ကို ကျွမ်းလောင်စေပြီးတဲ့နောက်၊ ကျမဟာအငွေ့တခုအဖြစ် လေထုထဲသို့ ရောက်ရှိသွားခဲ့သည်။ ဒီတချိန်ထဲမှာပဲ ကျမခံစားခဲ့ရတဲ့ ပျော်ရွင်မှူ၊ ၀မ်းနည်းမှူ၊ ပူဆွေးမှူ၊ မျက်ရည်တွေအားလုံးသည်လည်း အဆုံးသတ်သွားခဲ့ပြီဖြစ်သည်။

--------- ။ -------- ။ ----------
ကျမသေဆုံးသွားပြီးသည့်နောက်၊ ကျမကို ကျမလို့ အသိအမှတ်ပြုကျန်ရစ်ခဲ့မည့်အရာသည် ဘယ်အရာများဖြစ်မည်နည်း။

လောကကြီးထဲတွင် ကျမဖြစ်ချင်သောအရာလည်း များစွာရှိသည်။
ဖြစ်သင့်တယ်ဟု ကျမယူဆထားသောအရာများလည်း ရှိသည်။
ထို့အပြင် ကျမလုပ်ကိုင်နေသောအရာလည်း များစွာရှိသည်။

ဖြစ်ချင်သောအရာများနှင့် ဖြစ်သင့်သည်များ ရောထွေးသွားသောအခါ ထိုအရာများစွာထဲမှ ကျမလွတ်မြောက်ချင်လာခဲ့သည်။ ထိုအတွက်ကြောင့် ကျမ၏လွတ်မြောက်ရာ လွတ်မြောက်ကြောင်းကို ကျမစဉ်းစားကြည့်မိလိုက်သောအခါ၊ နောက်ဆုံးတွင် မေးခွန်းတခုကို ကျမ ရရှိလာသည်။

ထိုမေးခွန်းတခုမှ အစပြု၍ ကျမသည် ဖြစ်ချင်တာကိုလည်း မစဉ်းစားတော့၊ ဖြစ်သင့်တာကိုလည်းမတွေးတော့ပေ။ အရာရာတိုင်းကိုလည်း ကျမအပင်ပန်းခံ၍ မလုပ်ကိုင်တော့ပေ။

ထိုမေးခွန်းတခုမှ အစပြု၍ ကျမကို ကျမလို့ အသိအမှတ်ပြုကျန်ရစ်ခဲ့မည့်အရာများကိုသာ ကျမရွေးချယ်လုပ်ကိုင်သွားမည်ဖြစ်သည်။

Monday, November 26, 2007

ကျမချစ်သော လက်ချောင်းလေးများအကြောင်း

လူတိုင်း၊ လူတိုင်းတွင် စိတ္တဇတမျိုးစီ ရှိတတ်ကြသည်။ စိတ္တဇဆိုသည် ရူးသွပ်မှူမည်၏။ ရူးသွပ်မှူဟူသည် အစွဲအလမ်းတမျိုးဖြစ်သည်။ စွဲလမ်းမှူမှသည် အကျင့်အဖြစ်သို့ကူးပြောင်းကြလေသည်။ လူအချို့သည် ရေဗူးကိုမော့သောက်ရမှ အမောပြေသည်ဟုအစွဲရှိကြသည်။ အချို့သည် အိမ်သာတက်လျှင် စာအုပ်တမျိုးမျိုး ဖတ်လေ့ရှိသည်။ တချို့ကျတော့လည်း မနက်အိပ်ယာထထချင်း ဗိုက်နာနာ၊ မနာနာ အိမ်သာထဲသို့ သွားထိုင်နေရမှ ကျေနပ်တတ်သောအလေ့ရှိသူများကိုလည်း ကျမကြုံဖူးသည်။

ကျမငယ်ငယ်တုန်းကတည်းက ခြေချောင်း၊လက်ချောင်း သပ်ရပ်လှပသော လူကြီး၊လူငယ်၊ ယောင်္ကျား၊ မိန်းမ မည်သူမဆို ကျမ နှစ်သက်သဘောကျလေ့ရှိသည်။ ကျမ၏ စိတ္တဇတမျိုးဖြစ်မည်ထင်သည်။ လူတယောက်တွင် ခြေချောင်း၊လက်ချောင်းလှပခြင်းထက် စိတ်ဓါတ်သည်အဓိကအကျဆုံးဖြစ်မည် ဆိုပေသည့် ကျမကို ချဉ်းကပ်သောအမျိုးသားတိုင်းကို ကျမစတင် သတိထားကြည့်မည့်လေ့ ရှိသည်မှာ ၄င်းတို့၏ ခြေချောင်း၊ လက်ချောင်းလေးများပင်ဖြစ်သည်။

ထိုနေ့က mysuboo party ဆိုတော့ စာရေးသူတယောက်အနေဖြင့် ကျမစိတ်လှူပ်ရှားမိသည်မှာ အဆန်းတကျယ်တော့ မဟုတ်လောက်။ အခြားသူများ၏ Profileကို လိုက်ကြည့်တော့လည်း ကိုယ့်ထက်အသက်ငယ်ကြသူများသာဖြစ်ကြသည်။ ထို့အတွက်ကြောင့်လည်း အားလုံး၏အလယ်တွင် ကျမအနေဖြင့် တသီးတသန့်ကြီးဖြစ်နေမှာ စိုးရိမ်ခဲ့သည်။ သို့သော် ကျမအား အလေးအနက်ထားဖိတ်ခေါ်မှူကို တန်ပြန်လေးစားသောအားဖြင့် mysuboo party သို့ ကျမရောက်ရှိခဲ့လေသည်။

အားလုံးထဲတွင် ကျမသတိထားမိခဲ့သော လက်ကလေးတစုံရှိသည်။ သူ၏လက်ချောင်းကလေးများသည် ရှည်သွယ်၍ သန့်ပြန့်သည်။ ယောင်္ကျားတယောက်ပေမယ့် လက်ဆစ်ရိုးတွေကြီးမနေပေ။ သူနှင့်စကားပြောသောအချိန်တိုင်း သူ့လက်ချောင်းကလေးများအား ကျမငေးကြည့်နေခဲ့မိသည်။ သူ့တွင် ထူးခြားသောရုပ်သွင်မရှိ။ သို့သော် ဖွေးလက်သောသွားဖြူဖြူတန်းလေးနှင့် ပန်းနုရောင်သန်းသော နှူတ်ခမ်းပါးတစုံရှိသည်။ သူသည် တခါတရံ မပွင့်တပွင့်ပြုံးတတ်၏။ သူရီလျှင် နှစ်လိုဖွယ်ကောင်းသည်ဟု ကျမထင်သည်။

ကျမသည် သူ့ကို ရင်မခုန်သည့်အတွက် “ အချစ် ” ဟု အဓိပါယ်ဖွင့်ဆိုရန်ခက်သည်။ တဖန် သူသည် ကျမ၏ချစ်သူမဟုတ်သည့်အတွက် သူပိုင်ဆိုင်သောလက်ချောင်းကလေးများအား မြတ်နိုးသည်ဟု ဆိုလျှင်လည်း အနည်းငယ် ခက်ကောင်းခက်ပေလိမ့်မည်။
သူ၏ထံ၌ ချစ်သူရည်းစား ရှိကောင်းရှိမည်။ ဘ၀အတွက်ရည်စူးထားသော လက်တွဲဖော်ရှိကောင်းရှိမည်။ ဒါတွေ ကျမနှင့်မဆိုင်။
သူ၏ လက်ချောင်းကလေးများမှ ဖန်တီးသော ကဗျာတချို့သည် ကျမကိုအပြုံးတပွင့် ပွင့်စေ၏။ သူ၏ လက်ချောင်းကလေးများမှ ဖန်တီးသောစာများသည် ကျမကို ရီမောစေနိုင်၏။ ထို့အတွက် ကျမသည် သူ၏ လက်ချောင်းကလေးများမှ ဖန်တီးသော ဂီတတမျိုးမျိုးကို နားထောင်နိုင်မည့်တချိန်ချိန်ကို ငံ့လင့်မိသည်။

ထို့ကြောင့် ကျမသည် ထိုလက်ချောင်းကလေးများနှင့် နီးရာဆီသို့ တလှမ်းချင်း …. တလှမ်းချင်း ။ ။ ။

Tuesday, November 20, 2007

မပြည့်တဲ့ လိုအင်

ကျမ စိတ်တွေ တဒင်္ဂ အေးချမ်းသွားတယ် …
ညဥ့်လေ အေးအေး တဖြူးဖြူးတိုက်ခတ်နေတဲ့ ကျမရဲ့ အပေါ်ဆုံးထပ်တိုက်ခန်းလေးမှာ ဒီလိုအချိန်မျိုး ကျမ တခါမှ ထွက်မရပ်ဖူးပါ။

ကြည့်စမ်းပါဦး ….ဒီညမှာ ကြယ်တွေ စုံလင်လှပါလား၊ ကြယ်စုံတဲ့ ညတညရဲ့အလှကို ကျမခုမှ ခံစားဖူးတာ အမှန်ပါ။

ဟုတ်တယ်…

အခု ညဥ့် နှစ်နာရီကျော်သွားပြီ။ အိပ်မရတဲ့ ညပေါင်းများစွာ ရှိခဲ့ဖူးပေမယ့် ဒီလို ၀ရံတာမှာ ထွက်ရပ်ဖို့ စိတ်ကူးမျိုး တခါမှ မရှိခဲ့ဖူးဘူးလေ။ ခုတော့ ဒီစိတ်ကူးလေးကို ကျမကျေးဇူးတင်သင့်တယ်။ နေ့ခင်းတုန်းက ဥဒဟိုဖြတ်သန်းသွားလာနေကြတဲ့ အိမ်ရှေ့လမ်းမကြီးပေါ်မှာတောင် ကားကြီး၊ ကားငယ်၊ တစီးစ၊ နှစ်စီးစလောက်ပဲ ဖြတ်သန်းသွားနေကြတယ်။ လှပတဲ့ နေရောင်ခြည်အောက်မှာ လူကြီး၊ လူငယ် အစုံဖြတ်သန်းသွားလာကြတဲ့ ဒီလမ်းမကြီးဟာ အခုတော့လည်း တိတ်ဆိတ်၊ ခြောက်ကပ်လို့ပါလား။ ဒါဟာ သဘာဝတရားရဲ့ လှည့်စားမှူလေလား၊ သူလည်း နေ့နဲ့ည တလှည့်ဆီပြောင်းလဲရမယ့် သူ့တာဝန် သူထမ်းဆောင်နေတာပါပဲ။

ဟူးးးးးးးးးးး
ကျမရဲ့သက်ပြင်းချသံနဲ့အတူတူ ကျမရဲ့အချစ်တွေ၊ ကျမရဲ့အမုန်းတွေ၊ ကျမရဲ့အာဃာတတွေ၊ အလိုလောဘကြီးသူအဖြစ် အပြစ်မြင်ကြမှာစိုးလို့ သိုဝှက်ထားတဲ့ ကျမရဲ့ဖြစ်ချင်လိုမှူတွေကို ညဥ့်လေအေးအေးက သယ်ဆောင်ပျောက်ဆုံးသွားရင် သိပ်ကောင်းမှာပဲလို့ ကျမတွေးမိတယ်။

ဒီအချိန်မှာ ကျမ မှီတည်နိုင်စရာ ပုခုံးစွန်းလေးတခုရှိရင်ကောင်းမယ်။ ဟိုအရင်က အဆိုး၊ အကောင်းတွေ ကြုံတွေ့တိုင်း လက်တွဲရင်ဆိုင်ခဲ့တဲ့ ချစ်သူရဲ့ လက်တဖက်လည်း ဘယ်ဆီကမ်းလင့်နေပြီလည်း မသိ။ သိပ်မကြာသေးခင် အချိန်ကာလတခုက “မ အနားမှာရှိချင်တယ် ၊ မ ငိုချင်ရင် ၊ ကျွန်တော့် ရင်ခွင်မှာ နှစ်သိမ့်ပေးချင်တယ်” ဆိုတဲ့ လူတယောက်လည်း ဘယ်ဆီ ခြေဦးလှည့်နေပြီလည်းမသိ။

တခါ၊ တခါ ကိုယ့်ကိုယ်ကို ဘာဖြစ်ချင်နေမှန်းမသိအောင် ခံစားရတဲ့အခါမျိုးမှာ၊ ကိုယ့်စိတ်ကို ကိုယ့်ထက်ပိုပြီးနားလည်နိုင်မယ့်သူမျိုး ကျမ အလိုရှိတယ်။ ဒါပေမယ့် … ဒါဟာလည်း ဘုရားသခင် မဖြည့်ဆည်းပေးနိုင်တဲ့ ကျမရဲ့ လိုအင်ဆန္ဒသက်သက်ပါပဲ၊

ဘာကြောင့်များ ကျမဟာ ဆုတောင်းမကောင်းသူ ဖြစ်ရတာပါလိမ့် …အခုဆို ကျမ အသက် နှစ်ဆယ့်ငါးကျော်လာခဲ့ပြီ။ ဟိုးငယ်ငယ်တည်းက အခုချိန်ထိ တောင့်တမိနေတဲ့ အဖေရယ်၊ အမေရယ် စုံညီတဲ့မိသားစုဘ၀လေးတခုလည်း ကျမမရခဲ့ဘူး၊ ကျမ ကြိုးစားပမ်းစားတည်ထောင်ခဲ့တဲ့ ကျမကိုယ်ပိုင်ဘ၀လေး တခုလည်း ပြိုပျက်သွားခဲ့ပြီ။ ဒါပေမယ့် ကျမတတ်ထားတဲ့ ပညာရပ်နဲ့ တင့်တယ်တဲ့အလုပ်အကိုင်လေး တခုတော့ ကျမ ရခဲ့ပြီ၊ ကျမမေမေကိုလည်း လူတွေကြားမှာ မျက်နှာမငယ်အောင်ထားနိုင်ခဲ့ပြီ ဖြစ်တဲ့အတွက် ကျမကျေနပ်ပါတယ်။

ဟော ……ကြယ်လေးတလုံး ကြွေကျသွားတာ ကျမ မြင်လိုက်ရတယ်။
ကြယ်ကြွေချိန် ဆုတောင်းရင် ဆုတောင်းပြည့်တယ်လို့ ကျမ ကြားဖူးတယ်။
စဉ်းစားစမ်း…. စဉ်းစားစမ်းကျမ ဘာကို ဆုတောင်းရင်ကောင်းမလဲ ? သိန်း၅၀၀ ထီဆုကြီးပေါက်ပါစေလို့ ဆုတောင်းရမလား ….. ဒါမှမဟုတ်ဒီထက်ပိုလစာကောင်းတဲ့ အလုပ်တခုရပါစေလို့ ဆုတောင်းရမလား ….. ဒါမှမဟုတ်ချစ်ဦးသူနဲ့ ပြန်ဆုံတွေ့ရပါစေလို့ ဆုတောင်းရမလား ….. ဒါမှမဟုတ်လောကကြီးရဲ့ အချိန် နာရီတွေ နောက်ပြန်လှည့်သွားစေနိုင်တဲ့ ပါဝါမျိုးရရှိပါစေလို့ ဆုတောင်းရမလား .. ဒါမှမဟုတ် …. ဒါမှမဟုတ် ….အို … ကျမမှာလိုအင်တွေ ဒီလောက်များသလားကွယ်။

ပတ်ဝန်းကျင်တခုလုံးကတော့ တိတ်ဆိတ်နေပါတယ်။ ကျမမှာသာ နောက်ဆုံး လက်ကျန်ဆုတောင်းလေး တခုတောင်းဖို့ ရင်ခွင်တခုလုံး ဆူညံနေတယ်။

ဒါနဲ့ပဲ အရင်က ကျမရေးဖူးတဲ့ ကဗျာတပုဒ်ကို အမှတ်မထင်သတိရမိတယ်။
“ ငါ့သံယောဇဉ် အမျှင်ဖြတ်မှ
နင်နဲ့ငါ ဆုံတွေ့ခွင့်ရမှာလား ?

ငါ့ရင်ထဲက အချစ်ကိုသတ်မှ
နင်နဲ့ ငါ့ခင်မင်မှူ ရှေ့ဆက်တိုးလို့ရမှာလား ?

ဒါဆိုရင်တော့
ငါဟာ ....
ကြယ်ကြွေချိန် ဆုတောင်းပြည့်ဖို့ ကြယ်ကြွေဖို့ ဆုတောင်းရသူလို ဖြစ်နေလိမ့်မယ် ။။။”

ကျမရင်ထဲမှာ ဟာသွားတယ် ….
သေချာတာတခုကတော့ ကျမရဲ့တောင်းဆုအတွက် ကြယ်ပွင့်လေးတွေ ဘယ်လောက်ပဲစတေးပေမယ့်၊သူဟာ ကျမဆီ ဘယ်တော့မှပြန်လာမယ့်သူတယောက် မဟုတ်တော့ပါဘူးကွယ် ...

ဒီလိုပါပဲ ....ကျမဟာ ဘယ်တော့မှ မပြည့်နိုင်တော့မှန်းသိတဲ့ တောင့်တမှူတွေနဲ့ အိမ်ရှေ့ဝရံတာလေးမှာ အချိန်တော်တော်ကြာ ရပ်နေမိတယ် ။။။။။။။