“မောင်က ကျမအတွက် Cappuccino တခွက်လိုပဲ“ လို့ ကျမပြောတဲ့အခါ မောင်က ခပ်တိုးတိုးရယ်ပြီး
“ဘာဖြစ်လို့လဲ“ လို့ ပြန်မေးတယ်။
“အချိုတွေ ဘယ်လောက်ထည့်ထည့် ခါးသက်တဲ့ အရသာက ပျောက်မသွားလို့ပေါ့” လို့ ကျမ ပြန်ဖြေတဲ့အခါ မောင် ပြုံးတယ်။
မောင့်ကို ချစ်မိသွားတဲ့ အချိန်က သိပ်ကို တိုတောင်းပါတယ်။ အချစ် လို့ယူဆဖို့ ခက်ခဲရင်းနဲ့ကိုပဲ မရိုးနိုင်တဲ့ ခံစားချက်တခုကို အချစ် လို့ခေါင်းစဉ်တပ်ပေးလိုက်တယ်။ ကျမ ရိုးသားစွာ ချစ်မိပါတယ်။ ”မောင်“ လို့လဲ မြတ်နိုးစွာ ခေါ်ခဲ့တယ်။ အကွာအဝေးနဲ့ ယှဉ်ပြိုင်တိုးထွက်နေတဲ့ မျဉ်းပြိုင်နှစ်ကြောင်းလို ကျမ တို့ဘ၀တွေ မဆုံစည်းနိုင်မှန်းသိသိကြီးနဲ့ကို ချစ်မိခဲ့ကြတယ်နော်။
ဝမ်းမနည်းခဲ့ပါဘူး။ နောင်တဆိုတာလည်း မရှိဘူး။ မဆုံစည်းနိုင်ပေမယ့် ဘယ်တော့မှ လမ်းခွဲမယ့်စကားမပြောကြေး“ လို့ ကျမတို့ တယောက်နဲ့တယောက် ကတိထားခဲ့ကြတယ်။ ကျမ မျှော်လင့်ခဲ့တဲ့ အိပ်မက်တိုင်းမှာ မောင် ရှိနေမယ်ဆိုရင် ကျမ ကျေနပ်နိုင်ပါတယ် ---- မောင်ရယ် ။
ရင်မှ ဖြစ်တဲ့ စကားတွေ ဆိုပြီးချိန်တိုင်း ဟာသလုပ်ပစ်တတ်တဲ့ မောင့်ကို စိတ်ကောက်မိတော့ မောင်က “မင်းရင်ထဲမှာ အမှတ်တယတွေ မရှိစေချင်ဘူး၊ မင်း မခံစားနိုင်မှာကို မောင်မမြင်ရက်ဘူး။ မောင်ကတော့ ယောင်္ကျားလေးဆိုတော့ ဖြေသိမ့်စရာနည်းလမ်းတွေ အများကြီးရှိတယ်။ မောင်မရှိလည်း မင်းကို ပျော်ပျော်နေစေချင်တယ်ကွာ၊ နေတတ်အောင် ကြိုးစားစမ်းပါ“ တဲ့
” မောင်ယုံအောင် စကားတွေနဲ့ ကျမ မလိမ်ညာတတ်ဘူး မောင်။ ကျမ မကြိုးစားပါရစေနဲ့ ။ ကျမ ရင်ထဲရှိတဲ့အတိုင်း မောင့်ကို ချစ်ခဲ့သလို၊ ကျမ စိတ်ထဲရှိတဲ့အတိုင်းလည်း နေထိုင်ခံစားခွင့်ပြုပါ-- မောင်ရယ်”
မောင်သိနိုင်ပါ့မလား။ မောင့် အကြည့်တချက်၊ မောင့် အပြုံးမပွင့်တပွင့်လေးကိုက ကျမရင်ထဲမှာ အမှတ်တယရှိနေခဲ့ပြီးသားပါ။
“မောင့်ရဲ့ သီအိုရီက တခုယူရင် တခုပြန်ပေးရမယ် ဆိုတာပဲ” တဲ့
ဒီစကားသုံးမျိုး ကျမ မကြခဏ ကြားဖူးပေမယ့်၊ မောင့်ဆီက မို့လို့ ကျမ အံ့သြ၀မ်းနည်းခဲ့မိတာနဲ့ ထပ်တူ
ကျမရရှိခဲ့တဲ့ မောင့်ရဲ့ချစ်ခြင်းတခုအတွက် တခုမက ကျမပြန်ပြီးပေးဆပ်ခဲ့ပါတယ်။ ကျမရဲ့ချစ်ခြင်းနဲ့ မောင့်ကို ပျော်ရွှင်စေချင်တာ အဓိကပါ။
”ကျမရဲ့ အချစ်က ရုတ်တရက်ကြည့်ရင် အဖြူရောင်လေး၊ သေသေချာချာစူးစမ်းကြည့်မှ ပန်းနုရောင်ရေးရေးလေးကို မြင်ရတယ်” ဆိုတဲ့ ကျမရဲ့ ချစ်ခြင်းကို ဖွင့်ဆိုတဲ့
မောင့်ရဲ့ စကားလေးကြောင့် ကျမအပြုံးတပွင့် ပွင့်ခဲ့သေးတယ်။
”မင်း က မောင့်အတွက် နတ်သမီးတပါး ပါပဲ၊ မောင်လိုချင်တာတွေ၊ မောင်ဖြစ်ချင်တာတွေ မင်းဖန်တီးပေးတယ်။ မောင် အခုမှ အချစ်ခံရဖူးတာ ပါကွာ။ မောင့်ကို မင်းလို ဘယ်သူမှ မချစ်ဖူးဘူး” တဲ့။
အချစ်ငတ်တဲ့လူတယောက်ရဲ့ အချစ်အပေါ် တမ်းမက်မှူမျိုးနဲ့ မောင် ကျမကို ပတ်သက်ခဲ့လေသလား လို့ နာကျင်စွာတွေးမိဖူးပါတယ်။ ဒါပေမယ့် ကျမကိုယ်တိုင်ကလည်း မောင်မရဖူးတာမျိုးပဲ ပေးချင်တဲ့ စိတ်ရှိလေတော့ ကျမရဲ့ နာကျင်မှူကို မေ့ပြစ်လိုက်နိုင်တယ်။
”မင်းသိလား၊ မင်းကို ဆရာစားတောင် မကျန်တော့လောက်အောင် မောင်ချစ်ခဲ့တယ်ဆိုတာ”
ဒီစကားလေးကြောင့် ကျမ အတိုင်းမသိကျေနပ်ခဲ့မိပါတယ်။ မောင်က ကျမရဲ့ မြတ်နိုးရာတခုပါကွာ။
ကျမ ရွံမုန်းတတ်တဲ့ ဆေးလိပ်ငွေ့တွေကိုတောင်မှ ကျမရဲ့ ပါးပြင်၊ ကျမရဲ့ နှူတ်ခမ်းနဲ့ ကျမ လက်ဖ၀ါးပြင်မှာ
စွဲထင်ကျန်နေတတ်တဲ့ မောင့်ရဲ့ အငွေ့အသက်တခု အဖြစ် ကျမ မြတ်နိုးတတ်ခဲ့တယ်။ အနိုင်၊ အရှူံးတွေ မတွက်ခဲ့ဘူး။ မာန ဆိုတာကို မလိုအပ်တဲ့အရာတခုလို ကျမ လစ်လျူရှူခဲ့တယ်။ ကိုယ်တိုင်မယုံကြည်နိုင်လောက်အောင်ကို ကျမ မောင့်ကို နားလည်နိုင်စွမ်းတွေ ရှိနေခဲ့တယ်။
တခါတလေ ကျမကိုချိန်းပြီး မောင် ရောက်မလာတဲ့အခါ၊ မောင့်ရဲ့ တန်ဖိုးမထားမှူအတွက် ရင်မှာ ၀မ်းနည်းအားငယ်စိတ်နဲ့ ဒေါသတွေ ရောပြွန်း ခံစားနေတတ်ပေမယ့် ဖုန်းထဲက မောင့်အသံကိုကြားတဲ့အခါ မောင့်ကိုအပြစ်တင်စရာ စကားတွေရှားပါးလွန်းခဲ့တယ်။ မောင့်ရဲ့ အကြောင်းပြချက်တွေဟာ ယုတ္တိမတန်ပါစေဦး ကျမ မျက်စိမှိတ်ယုံပေးနေဦးမှာပါ --- မောင်ရယ်။ အချစ်ဆိုတာ အ လို့ ချစ်တာ လို့ မောင်လည်းကြားဖူးမှာပါ။ ကျမ မောင့်ကို ချစ်ခဲ့မိပြီပဲ။ အချစ်ကပေးတဲ့ ဘယ်လိုအရာမဆို လက်ခံ၊ ခံစားနိုင်စွမ်းရှိအောင် ကြိုးစားနေပါတယ် ---မောင်။
မောင် ချိန်းတဲ့အချိန် လာ၊ မောင်မတွေ့ပဲနေရင်လည်း ကျမရဲ့နေရာလေးမှာပဲ မောင့်ကို လွမ်းနေယုံကလွဲလို့ မောင့် ပတ်ဝန်းကျင်ထဲကို ကျမရဲ့ ပါဝင်ပတ်သက်မှူက သိပ်ကို နည်းပါးလွန်းပါတယ်။ ကျမကြောင့် မောင့်ကို စိတ်အနှောင့်အယှက်မဖြစ်စေချင်ဘူး။ မောင် ရှင်သန်ခိုင်းမယ့်နေရာမှာပဲ ကျမနေပါ့မယ် --- မောင်ရယ်။ မောင့်ကိုမတွေ့ရလို့ လွမ်းနာကျနေပါစေဦး အဲဒီအနာကို မောင့်အတွက် ကျမ ကျိတ်မှိတ်ခံမယ်။
လူအများရှေ့မှာ ချပြလို့မကောင်းတဲ့ ကျမရဲ့ နောက်ကြောင်းတွေက မောင့်ရဲ့ ချစ်ခြင်းတွေမှာ တခါတလေ စိတ်အနှောင့်အယှက်ဖြစ်နေမယ်မှန်း ကျမလည်း သိပါတယ်။ မောင့် သူငယ်ချင်းတွေ ပြောနေကြမယ့် ကျမရဲ့နောက်ကြောင်းတွေကို ကိုယ်တိုင်မကြားရလည်း အဲဒီစကားတွေအလယ် မောင်ဘယ်လောက်ထိ ခါးသီးနေမယ်မှန်း ကျမ မှန်းဆလို့ ရပါတယ် --မောင်။ ကျေးဇူးလည်းတင်မိပါတယ်။ ကျမအကြောင်းတွေသိရင် မောင် ကျမကို ထားရစ်ခဲ့လိမ့်မယ် လို့ ကျမထင်ခဲ့တာ။ ဒါပေမယ့် --- မောင်က ကျမလက်ကို ရဲရဲတွဲပေးခဲ့တယ်။ မောင့်ရဲ့ ချစ်ခြင်းကျေးဇူးကြောင့် အရင်က ကျမရဲ့ လူမသိ သူမသိ အထီးကျန်ဆန်ခဲ့မှူတွေ မောင့်ကြောင့် ရင်မှာပြည့်စုံစေခဲ့တယ် ။
ကျမရဲ့ ပတ်ဝန်းကျင်က လွယ်လွယ်နဲ့ လက်မခံနိုင်တဲ့ မောင့်ရဲ့ နေထိုင်မှူစရိုက်နဲ့ မိသားစုလောင်းရိပ်အောက်က မလွတ်သေးတဲ့ မောင့်ရဲ့ လက်ရှိအနေအထားတွေအတွက် ကျမတို့ နီးစပ်ဖို့ အချိန်တော်တော်ကြာ လိုနေသေးမှန်း ကျမတို့နှစ်ယောက်လုံး သိနှင့်နေပါတယ်။ မောင် ကျမကို ပြောပြခဲ့တဲ့ အနာဂတ်အစီအစဉ်တွေကို ကျမကိုယ်တိုင်လည်း စိတ်ကူးယဉ်နေဖူးပါတယ် ---မောင်။
တခါတရံ ကိုယ့်ကိုယ်ကို စိတ်ပျက်အားငယ်စိတ်တွေ ဖိစီးတဲ့အခါ အဆုံးသတ်လိုက်ဖို့ ပြောတဲ့ ကျမကို မောင်က
“အချစ်ရဲ့ အဆုံးသတ်က ပေါင်းစည်းခြင်းပဲကွာ ၊ ဝေးသွားဖို့ ရည်ရွယ်ပြီး မင်းကို မောင်ချစ်ခဲ့တာ မဟုတ်ဘူး” တဲ့။ မောင့်ရဲ့ စကားက ကျမအတွက် အားအင်တခုဖြစ်ခဲ့တယ်။ ဘာမဆိုရင်ဆိုင်ပြစ်လိုက်ဖို့ ကျမ အသင့်ဖြစ်နေခဲ့ပြန်တယ် ။
တခါတလေ ၃-၄ ရက်လောက် မောင် ကျမဆီရောက်မလာပဲ၊ ဖုန်းအဆက်အသွယ်လည်းမလုပ်ပဲ နေတဲ့အခါ၊ ယောက်ယက်ခတ်လောက်အောင် ပူပန်နေမိတဲ့ ကျမကို မောင် မြင်စေချင်တယ်။ တခြားမိန်းကလေးနဲ့များ ဆိုတဲ့ သံသယအတွေးမျိုး တွေးမိတတ်ပေမယ့် ထူးဆန်းစွာ ခွင့်လွှတ်မိနေပြန်တယ်။ မောင် ပျော်မယ်ဆိုရင်ပေါ့။ ဒီကမ္ဘာပေါ်မှာ မောင့်ကို အချစ်တတ်ဆုံးလူဟာ ကျမပဲ လို့ မောင်ယုံကြည်လာတဲ့နေ့ကို ကျမစောင့်မယ်။ မောင်နဲ့ အတူတူရှိနေချိန်ဟာ ကျမအတွက် တန်ဖိုးအရှိဆုံး အချိန်တွေပါ။
တနေ့နေ့ပေါ့ --- မောင်ရယ် …
ကျမရဲ့ ချစ်ခြင်းအားဖြင့် မောင့်ကို ပိုင်ဆိုင်နိုင်မယ့်တနေ့ဟာ နောက်လာမယ့် ငါးနှစ်ဖြစ်ဖြစ်၊ ဆယ်နှစ်ဖြစ်ဖြစ်၊ ကျမကမ္ဘာကြီးလှပမယ့် အချိန်တွေကို ကျမစောင့်နေမှာပါ --- ။ ။
No comments:
Post a Comment