အခုတလော ကျမမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှူ၊ အရာရာတိုင်းအပေါ် အာရုံစူးစိုက်မှူ၊ မနက်ဖြန်ဆိုတဲ့ အရာတွေအတွက် သေချာမှူ ကင်းမဲ့နေပါတယ်။ တခါခါမှာ တခုခုကို ရေးနေမိတာရယ်၊ တခုခုကို ဖတ်နေချင်မိတာကလွဲလို့ ဘယ်အလုပ်ကိုမှ ကျမစိတ်ဝင်စားလို့မရပါဘူး။ တနည်းအားဖြင့် အခုတလောမှာ ကျမအတွက် သက်မဲ့အရာတချို့ဟာ အရာရာတိုင်းထက် ပိုပြီးအဓိပါယ်ရှိနေပါတယ်။ ကျမ အလုပ်မှာလည်းမပျော်ဘူး၊ အိမ်မှာလည်းမပျော်ဘူး။ အလုပ်မှာ မပျော်ပေမယ့် အလုပ်ကိုလာရတဲ့အချိန်တိုင်း၊ အိမ်မှာမပျော်ပေမယ့် အိမ်ပြန်ရချိန်တိုင်းကို ကျမ နှစ်သက်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အဲဒီအချိန်တွေကတော့ ကျမရှားပါးစွာပိုင်ဆိုင်ထားတဲ့ တယောက်ထဲနေရချိန်တွေမို့ပါ။ အချိန် တရက်စာ ကုန်ဆုံးသွားတိုင်း ကျမရဲ့ရပ်တည်မှူကဘာလဲ လို့ တွေးရင်း အိပ်မပျော်ခဲ့တာလည်း ကြာပါပြီ။ အချိန်တန်လို့ လစာထုတ်ပြီး များမြောင်လှတဲ့ လူမှူရေး၊ စီးပွားရေးပြသနာတွေ ဖြေရှင်းရင်း ကျမမှာ ပန်းတိုင်ပျောက်နေသလို ခံစားလာရတယ်။ ကျမအမှန်တကယ်လိုလားတဲ့ ဘ၀ရဲ့အနှစ်သာရဆိုတာ ဘာလဲ။ အဲဒီအရာကို ကျမဖြတ်သန်းပြီးတဲ့ အချိန်တွေမှာ ရရှိပြီးပြီလား၊ ဒါမှမဟုတ် မရရှိသေးဘူးလား ဆိုတာရယ်။ ပြီးတော့ အသက်ရှင်ရပ်တည်မှူအတွက် ထမင်းစားနေတာလား၊ ထမင်းစားဖို့အတွက် အသက်ရှင်နေရတာလား ဆိုတာရယ်။ ချစ်တဲ့လူကို မချစ်အောင်လုပ်ရတာနဲ့ မချစ်တဲ့လူကို ချစ်အောင် ကြိုးစားရတာ ဘယ်ဟာက ပိုခက်ခဲသလဲ ဆိုတာရယ်။ အဲဒီမေးခွန်းတွေဖြေဖို့ ကျမမှာ သေချာမှူတချို့လိုအပ်ပါတယ်။ ဘယ်သူမှန်းမသိတဲ့လူတချို့နဲ့စကားပြောရတာ (chatting) ကို ကျမနှစ်သက်တယ်။ တနည်းအားဖြင့် “ငါ”ဆိုတဲ့ အတ္တပျောက်နေသူတွေပေါ့။ ရိုးသားစွာရပ်တည်ခြင်းဟာ တခါတလေ သူတပါးအနိုင်ကျင့်ခံဖို့အတွက် အားနည်းချက်ဖြစ်လာတတ်တဲ့အတွက် ကျမရဲ့ကိုယ်ပေါ်ကရိုးသားခြင်းဆိုတဲ့ ၀တ်ရုံလေးဟာ လျော့တိလျော့ရဲ ဖြစ်လာပါတယ်။ မျက်နှာဖုံးပေါ်က အပြုံးတု၊ စကားအတုတွေကိုမုန်းတယ်။ "Money make everything" ဆိုတဲ့ လူတချို့ပြောကြတဲ့စကားကိုလည်း အယုံအကြည်မရှိဘူး။ ကျမချစ်သူ ဘယ်သူဆိုတာကို ကျမကိုယ်တိုင်လည်း မသေချာဘူး။ ပြန်လာမယ် ဆိုတဲ့ သူ့ရဲ့ စကားကိုလည်း ကျမ အယုံအကြည်မရှိဘူး။ ကျမအတွက်လို့ အရင်က ထင်ခဲ့ဘူးတဲ့ ချစ်သူပြောတဲ့ (ကျမနားထောင်လေ့ရှိတဲ့) သီချင်းတွေကလည်း အခုချိန်မှာ ကျမအတွက် အဓိပါယ်မဲ့နေပါပြီ။ ကျမရဲ့အလုပ်အကိုင်၊ ကျမရဲ့မိသားစု၊ ကျမရဲ့ ချစ်သူ၊ မုန်းသူ၊ ကျမ ကြိုက်နှစ်သက်တဲ့သီချင်း၊ ကျမနှစ်သက်တဲ့ မိုးရေစက်တွေ အားလုံးထဲက ဘာကိုမှ ဖက်တွယ်မထားချင်ဘူး။တခုခုကို ကျမ လွှတ်ချလိုက်မယ်ဆိုရင်တော့ အခု ကျမခံစားနေရသမျှဟာ နည်းနည်းတော့ လျော့ပါးသွားနိုင်ခြေရှိပါတယ်။
ဒါပေမယ့် အဲ့ဒီ တခုခုဟာ ကျမရဲ့ “စိတ်” ဖြစ်နေခဲ့မယ်ဆိုရင် ……….
No comments:
Post a Comment