ကျမတို့ ငယ်ငယ်က သူငယ်ချင်းနှစ်ယောက်ရန်ဖြစ်စကားများတဲ့အခါ နောက်သူငယ်ချင်းတယောက်ကပဲဖြစ်ဖြစ်၊ မောင်နှမအချင်းချင်း ရန်ဖြစ်စကားများတဲ့အခါ အမေပဲဖြစ်ဖြစ်၊ အဖေပဲဖြစ်ဖြစ် တယောက်ယောက်ကတော့ (Third Person) တတိယလူအဖြစ် ရန်ပွဲတွေကို ၀င်ရောက်ဖြေရှင်းပေးလေ့ရှိပါတယ်။ နောက်ပိုင်း လုပ်ငန်းခွင်ဝင်လာတော့ ကျမလုပ်ကိုင်ခဲ့ဘူးတဲ့ အလုပ်ဌာနတော်တော်များများမှာ Third Person တချို့ကို ကျမ ကြုံတွေ့ခဲ့ဖူးပါတယ်။ဒီလို Third Person တိုင်းမှာ ကိစတခုကို ပြေလည်အောင် ဖြေရှင်းပေးနိုင်စွမ်းတွေ ရှိကြသလို၊ အစွန်းနှစ်ဘက်ကို မရောက်ရောက်အောင် တွန်းပို့နိုင်စွမ်းတွေလည်း ရှိကြပါတယ်။ ကျမတို့ အခု Internet ခေတ်ကြီးရောက်လာတော့ ဒီလို Third Person ဆိုတာကို ကိုယ်တိုင်ဖန်တီးယူဖို့လည်းလွယ်ကူသွားကြပါပြီ။
ဒီလိုနဲ့.... ကျမလည်း ကျမရင်ထဲက နားမလည်နိုင်တဲ့လူတယောက်အတွက် Third Person ကို ဖန်တီးဖို့ ကျမ စဉ်းစားမိခဲ့တယ်။
သူ ကျမကို ချစ်ခဲ့သလား၊ ချစ်နေသေးလား၊ ကျမသတိတယရှိနေတတ်သလို သူရောသတိယနေခဲ့ရဲ့လား ဆိုတာကို
ကျမ သူ့ကို မမေ့ပျောက်နိုင်တော့တာ သေချာသွားတဲ့တနေ့မှာ သူ့ရင်ထဲက အကြောင်းအရာတွေကို ကျမ စူးစမ်းချင်လာတယ်။
တခါတရံ ထောင်ချောက်ကို ရှောင်ကွင်းရင်းနဲ့ကိုက ထောင်ချောက်ထဲ တိုးဝင်ဖို့ဖြစ်လာသလို၊ သူ့ကို မေ့နိုင်ဖို့ ကြိုးစားနေတာကိုက သူ့ကိုအမှတ်တယရှိနေဖို့ ကိုယ့်ကိုယ်ကို အကြိမ်ကြိမ်သတိပေးနေမိသလိုပါပဲ။ အတူတူနေရမှ အချစ်တခုမဟုတ်မှန်း သူရော၊ ကျမရော နားလည်နေခဲ့ကြသားပဲ။ ဘာကြောင့် သူ ကျမကို ထားရစ်ခဲ့ဖို့ တွေးရတာလဲ ။ ယေဘူယျအားဖြင့် အချိန်တိုအတွင်းမှာ အချစ်တခုဖြစ်ဖို့ ခဲယဉ်းတယ်ဆိုပေမယ့် သူ့ရဲ့ သူစိမ်းဆန်လွန်းမှူကို ကျမ နားမလည်နိုင်ခဲ့တာပါ။ ဘာကြောင့်လဲ ဆိုတဲ့ အဖြေကိုရှာတိုင်း ကျမနှလုံးသား ဖျားနာခဲ့ရတဲ့ အကြိမ်ပေါင်းလည်း မနည်းတော့ပါဘူး။
ကျမကို စကားမပြောတဲ့ သူ့ Nickname ကို တားဆီးဖို့ ကျမ မကြိုးစားနိုင်ပဲ သူ့အကြောင်းအကုန်လုံးမဟုတ်တောင် Avator မှာရေးထားမယ့် စာသားလေးတွေ ကျမဖတ်ကြည့်ချင်တယ်။သူ့ရဲ့ Blog တွေမှာရေးထားတဲ့ အကြောင်းအရာတွေ၊ ကဗျာတွေ၊ ပြီးတော့ သူ့သီချင်းတွေထဲမှာ ကျမများ ပါဝင်နေမလား” လို့ မျှော်လင့်ချက်နဲ့ ကျမ လိုက်ရှာမိနေတုန်းပဲ။ ကျမ သည်လောက်ထိသူ့ကို ရူးသွပ်တာပါ။ ကမ္ဘာမြေပေါ်မှာ သူ့ကို ကျမ ချစ်နေခဲ့တာကို သိရင် ကျမချစ်ခြင်းတခုအတွက် သူပျော်မှာလားဆိုတာကို ကျမ မသေချာဘူး။
ရင်ထဲက မျိုသိပ်ရမှူတွေကို ခါးသီးလာတဲ့အခါမှာ Third Person အနေနဲ့ ကျမသူ့ကို စကားပြောကြည့်ခဲ့တယ်။ ရင်းနှီးလွယ်တဲ့သူ့ကြောင့် အရင်ကလိုအချိန်မျိုး ကျမပြန်ရခဲ့တယ်။ ကျမ ကြည်နူးရပါတယ်။ သူနဲ့ ကျမအကြောင်းတချို့ကိုလည်း Third Person ကို ပြောပြပါရဲ့။ သူက ကျမကို “သနားခဲ့တာပါ” တဲ့။ ၀မ်းမနည်းခဲ့ပါဘူး။ စိတ်လည်း မဆိုးခဲ့ဘူး။ ကျမအတွက် အချစ်ဆိုတာ သူ့ Nickname လေးကို ကြည့်ရုံနဲ့တင်၊ သူ့ရဲ့ Blog တွေ ဖတ်နေရုံနဲ့တင် ပီပီပြင်ပြင်ဖြစ်ပေါ်နိုင်ရဲ့လေ။
(၂) ရက်လောက်ကြာတဲ့အခါမှာ ကျမဖန်တီးထားတဲ့ Third Person ကို “ကျမလား” လို့ သူမေးတယ်။ “ချစ်သူမဟုတ်ဘူး” လို့ဖြေခဲ့တဲ့သူက ဘာကြောင့်များ Nickname တခုရဲ့နောက်ကွယ်ကလူတယောက်ကို ကျမပါလို့ ခံစားသိနိုင်စွမ်းတွေရှိနေရတာလဲ။ တဆိတ်တော့ ကျမ မရှင်းသေးဘူး။ ရိုးသားမှူကို မြတ်နိုးတယ်ဆိုလာတဲ့သူ့ကို ကျမ ၀န်ခံချင်ပါတယ်။ လှည့်စားဖို့မဟုတ်ပေမယ့် “ကျမ မဟုတ်ဘူး” ဆိုတာကလွဲလို့ ဘာတခုမှ မညာခဲ့ပါဘူး။
ကျမ ကို ခွင့်လွှတ်ပေးပါ။
ရိုးသားမှူတိုင်းဟာ အနိုင်ကျင့်ခံရဖို့ဖြစ်လာတဲ့ အတွက် ဒီတခါလည်း သူ ကျမကို အနိုင်ယူသွားမှာ ကျမ ကြောက်နေမိတယ်။ အဓိကကတော့ ဒီ Third Person ကို ကျမလိုပဲ သူစကားမပြောတော့မှာ ကျမစိုးရိမ်တယ်။ ကျမ သူ့ကို ချစ်ခွင့်မရှိလည်း စကားပြောနေခွင့်လေးတော့ ရချင်ပါတယ်။ တဆိတ်တော့ ဒီ Third Person ဘယ်သူဆိုတာ သိအောင်မကြိုးစားပါနဲ့လားရှင်။
ကျမရဲ့ Third Person လေးပျောက်ပျက်သွားမှာစိုးလို့ပါ။
မှတ်ချက်။ ။ ဒီ Blog ကို သူဖတ်မိသွားမယ့်အချိန်မှာ ကျမရဲ့ Third Person လေးရှိနေဆဲအချိန်လည်း ဖြစ်ကောင်းဖြစ်မယ်၊ ဒါမှမဟုတ် ပျောက်ပျက်သွားချင်လည်း သွားလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် သူ ကျမကို ခွင့်လွှတ်နိုင်ပါစေ” လို့ ကျမ မျှော်လင့်မိပါတယ်။
No comments:
Post a Comment