Monday, November 26, 2007

ကျမချစ်သော လက်ချောင်းလေးများအကြောင်း

လူတိုင်း၊ လူတိုင်းတွင် စိတ္တဇတမျိုးစီ ရှိတတ်ကြသည်။ စိတ္တဇဆိုသည် ရူးသွပ်မှူမည်၏။ ရူးသွပ်မှူဟူသည် အစွဲအလမ်းတမျိုးဖြစ်သည်။ စွဲလမ်းမှူမှသည် အကျင့်အဖြစ်သို့ကူးပြောင်းကြလေသည်။ လူအချို့သည် ရေဗူးကိုမော့သောက်ရမှ အမောပြေသည်ဟုအစွဲရှိကြသည်။ အချို့သည် အိမ်သာတက်လျှင် စာအုပ်တမျိုးမျိုး ဖတ်လေ့ရှိသည်။ တချို့ကျတော့လည်း မနက်အိပ်ယာထထချင်း ဗိုက်နာနာ၊ မနာနာ အိမ်သာထဲသို့ သွားထိုင်နေရမှ ကျေနပ်တတ်သောအလေ့ရှိသူများကိုလည်း ကျမကြုံဖူးသည်။

ကျမငယ်ငယ်တုန်းကတည်းက ခြေချောင်း၊လက်ချောင်း သပ်ရပ်လှပသော လူကြီး၊လူငယ်၊ ယောင်္ကျား၊ မိန်းမ မည်သူမဆို ကျမ နှစ်သက်သဘောကျလေ့ရှိသည်။ ကျမ၏ စိတ္တဇတမျိုးဖြစ်မည်ထင်သည်။ လူတယောက်တွင် ခြေချောင်း၊လက်ချောင်းလှပခြင်းထက် စိတ်ဓါတ်သည်အဓိကအကျဆုံးဖြစ်မည် ဆိုပေသည့် ကျမကို ချဉ်းကပ်သောအမျိုးသားတိုင်းကို ကျမစတင် သတိထားကြည့်မည့်လေ့ ရှိသည်မှာ ၄င်းတို့၏ ခြေချောင်း၊ လက်ချောင်းလေးများပင်ဖြစ်သည်။

ထိုနေ့က mysuboo party ဆိုတော့ စာရေးသူတယောက်အနေဖြင့် ကျမစိတ်လှူပ်ရှားမိသည်မှာ အဆန်းတကျယ်တော့ မဟုတ်လောက်။ အခြားသူများ၏ Profileကို လိုက်ကြည့်တော့လည်း ကိုယ့်ထက်အသက်ငယ်ကြသူများသာဖြစ်ကြသည်။ ထို့အတွက်ကြောင့်လည်း အားလုံး၏အလယ်တွင် ကျမအနေဖြင့် တသီးတသန့်ကြီးဖြစ်နေမှာ စိုးရိမ်ခဲ့သည်။ သို့သော် ကျမအား အလေးအနက်ထားဖိတ်ခေါ်မှူကို တန်ပြန်လေးစားသောအားဖြင့် mysuboo party သို့ ကျမရောက်ရှိခဲ့လေသည်။

အားလုံးထဲတွင် ကျမသတိထားမိခဲ့သော လက်ကလေးတစုံရှိသည်။ သူ၏လက်ချောင်းကလေးများသည် ရှည်သွယ်၍ သန့်ပြန့်သည်။ ယောင်္ကျားတယောက်ပေမယ့် လက်ဆစ်ရိုးတွေကြီးမနေပေ။ သူနှင့်စကားပြောသောအချိန်တိုင်း သူ့လက်ချောင်းကလေးများအား ကျမငေးကြည့်နေခဲ့မိသည်။ သူ့တွင် ထူးခြားသောရုပ်သွင်မရှိ။ သို့သော် ဖွေးလက်သောသွားဖြူဖြူတန်းလေးနှင့် ပန်းနုရောင်သန်းသော နှူတ်ခမ်းပါးတစုံရှိသည်။ သူသည် တခါတရံ မပွင့်တပွင့်ပြုံးတတ်၏။ သူရီလျှင် နှစ်လိုဖွယ်ကောင်းသည်ဟု ကျမထင်သည်။

ကျမသည် သူ့ကို ရင်မခုန်သည့်အတွက် “ အချစ် ” ဟု အဓိပါယ်ဖွင့်ဆိုရန်ခက်သည်။ တဖန် သူသည် ကျမ၏ချစ်သူမဟုတ်သည့်အတွက် သူပိုင်ဆိုင်သောလက်ချောင်းကလေးများအား မြတ်နိုးသည်ဟု ဆိုလျှင်လည်း အနည်းငယ် ခက်ကောင်းခက်ပေလိမ့်မည်။
သူ၏ထံ၌ ချစ်သူရည်းစား ရှိကောင်းရှိမည်။ ဘ၀အတွက်ရည်စူးထားသော လက်တွဲဖော်ရှိကောင်းရှိမည်။ ဒါတွေ ကျမနှင့်မဆိုင်။
သူ၏ လက်ချောင်းကလေးများမှ ဖန်တီးသော ကဗျာတချို့သည် ကျမကိုအပြုံးတပွင့် ပွင့်စေ၏။ သူ၏ လက်ချောင်းကလေးများမှ ဖန်တီးသောစာများသည် ကျမကို ရီမောစေနိုင်၏။ ထို့အတွက် ကျမသည် သူ၏ လက်ချောင်းကလေးများမှ ဖန်တီးသော ဂီတတမျိုးမျိုးကို နားထောင်နိုင်မည့်တချိန်ချိန်ကို ငံ့လင့်မိသည်။

ထို့ကြောင့် ကျမသည် ထိုလက်ချောင်းကလေးများနှင့် နီးရာဆီသို့ တလှမ်းချင်း …. တလှမ်းချင်း ။ ။ ။

No comments: