ဘ၀…. ။
ကျမ ဘ၀မှာ စိတ်ကူးထဲရှိတာတွေကို လျှို့ဝှက်ထိန်းချုပ်ထားပြီး၊ စိတ်ထဲမရှိတာတွေကို စီစဉ်ကြံဖန်ပြောဆိုနေခဲ့တာ ဘယ်လောက်ကြာခဲ့ပြီလဲ ။ ၅ နှစ်လား၊ ၁၀ နှစ်လား၊ ဒါမှမဟုတ် မွေးကတည်းကလား။
ဖြစ်နိုင်မယ်ဆိုရင် ထမင်းနှစ်နပ်မစားပဲ နေချင်သည်။ ကပ်လျက်စားပွဲက နှူတ်ခမ်းနီရဲရဲနှင့် လုပ်ဖော်ကိုင်ဖက်၏ စကားသံများကို ကန့်ကွက်ချင်သည်။ နေ့စဉ် ပုံမှန်သွားလာလှူပ်ရှားမှူများကို ရပ်တံ့ချင်သည်။ ပိုငွေပြန်မအမ်းချင်သော စပယ်ယာတချို့ကို ရန်တွေ့ချင်သည်။ ရံဖန်ရံခါ တွေ့နေကျ သူငယ်ချင်းများဆီလည်း ကျမခြေဦး မလှည့်ချင်တော့။ လမ်းမှာတွေ့သော မျက်နှာသိများကိုလည်း စိတ်ပျက်ဖွယ်ကောင်းစွာ ကျမပြုံးရယ် မနှူတ်ဆက်ချင်တော့ပါ။
ဖြစ်နိုင်ရင် တိတ်ဆိတ်သောအခန်းငယ်အတွင်းက ဘယ်မှမထွက်ပဲ ကျမနေချင်သည်။
သေခြင်းတရားဟု ဆိုလျှင် လူတွေ အထိတ်တလန့်ဖြစ်ကောင်းဖြစ်မည်။ အတော်တော့ ဇိမ်ကျမလားပဲဟု ကျမတွေးမိသည်။ မိသားစုစားဝတ်နေရေးအတွက် လစဉ်ဝင်ငွေပုံမှန်ရဖို့ လက်ရှိအလုပ်ကို ကျိတ်မှိတ်လုပ်နေစရာမလိုတော့၊ “အဆင်ပြေရဲ့လား” ဆိုတာကိုပဲ နှူတ်ဆက်စကားတခု လုပ်ဆိုတတ်သော အသိမိတ်ဆွေတွေကိုလည်း ကျိတ်မှတ်ပြုံးပြနေစရာမလိုတော့။ ကျမရဲ့ အားနည်းချက်တွေကို ရေတွက်ပြီး ကျမကွယ်ရာမှာ အတင်းပြော ရယ်မောတတ်သူတချို့ကိုလည်း မျက်နှာချင်းဆိုင်စရာမလိုတော့။
ကျမသည် ဟန်ဆောင်နှစ်သိမ့်တတ်ခြင်းကို ငြီးငွေ့နေပြီဖြစ်ကြောင်း လူတွေကို သိစေချင်သည်။
ညသည် တိတ်ဆိတ်နေသည်။ ည၏တိတ်ဆိတ်ခြင်းသည် အသံတချို့၏ တိကျသောအဓိပ္ပါယ်ကို ဖွင့်ဆိုပြနိုင်သည်။ ထိုတိကျသော အဓိပ္ပါယ်ကို စွန့်လွှတ်လိုက်သောအခါ ကျမစိတ်တွေ လစ်ဟာသွားသည်။ ရင်ထဲတွင် ဗလာဖြစ်နေသည်။ မိုးလင်းသွားမှာကို ကျမကြောက်နေမိသည်။ ကျမသွေးကြောတွေထဲက ထိတ်လန့်မှူသည် မနက်ဖြန်တွေပဲ ဖြစ်သည်။
1 comment:
မငယ်ရေ
ဟန်ဆောင်ပန်ဆောင် ခေါ်ရပြောရတာ မောဖို့ ကောင်းတယ်နော် ..း)
ပျော်ရွှင်ပါစေ
စာတွေလာဖတ်ပါတယ် ..း))
Post a Comment